ကမ္ဘာ့ နေချင်စရာမကောင်းဆုံးနေရာများ ( ဘာသာပြန်)


ဒီခေတ်ကြီးထဲမှာ မြို့တော်ကြီးတွေမှာနေထိုင်ရတာဟာ အင်မတန်မှ အန္တရယ်များလှတဲ့ အခြေအနေတစ်ခုပါပဲ ။ ပွဲလမ်းသဘင်တွေ ၊ လတ်တေး ကောင်းကောင်းတွေ ၊ ဆန်းပြားခေတ်မီတဲ့ ဆံပင်ပုံစံဒီဇိုင်းတွေ တွေ့နိုင်တာတော့ဟုတ်ပါရဲ့ ။ သဘာဝဘေးအန္တရယ်အကြောင်းရိုက်ကူးသည့်ရုပ်ရှင်တွေထဲမှာတော့ ဒီလိုမြို့ကြီးတွေက အမြဲ ပစ်မှတ်ဖြစ်နေတတ်သည်လေ ။ရုပ်ရှင်ထဲမှာတွေ့ရလေ့ရှိသော ဂြိဟ်သားတွေ ၊ ကြောက်မက်ဖွယ်ရာသီဥတုဘေးတွေ၊ စက်ရုပ်လူသတ်ကောင်တွေကြားမှာ ခုချိန်ထိ အသက်ရှင်နေနိုင်သေးသော အဲဒီမြို့ကြီးပြကြီးများမှ လူသားများသည် ဘယ်လောက်အံသြဖွယ်ကောင်းနေပါပြီလဲလေ ။


ခုလ ၁၃ ရက်နေ့မှစရုံတင်ပြသမည့် ကမ္ဘာပျက်ကပ်၂၀၁၂ ရုပ်ရှင်ကား နှင့်အမှီ ရုပ်ရှင်တွေထဲမှာ အမြဲ ထည့်သွင်းဖျက်ဆီးခံရလေ့ရှိသော ကမ္ဘာ့နေချင်စရာမကောင်းဆုံး နေရာ ၁၀ ခုအား စာရင်းပြုစုရလျှင်ဖြင့်..........


၁။ တိုကျို 
ဘေးအန္နရာယ်။     ။ ကြောက်မက်ဖွယ် သတ္တဝါဆန်းကြီးများ ။
ရိုက်ကူးခဲ့သောရုပ်ရှင်များ ။     ။Godzilla, Gamera, Rodan, Godzilla vs. Smog Monster, King Kong vs. Godzilla, Godzilla vs. Megalon, Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack, Destroy All Monsters  စသည်ဖြင့် ..။


တိုကျိုမြို့သည်ဖြင့် ယခုလက်ရှိကြည့်နေရသောရုပ်ရှင်များအရ ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး မြို့တစ်ခုပါပေ ။ မြို့နှင့် မနီးမဝေးတွင် နေထိုင်သူများအဖို့တော့ မကြာခဏဆိုသလို ကြောက်မက်ဖွယ်သတ္တဆန်းကြီးများ၏ ရန်ပြုတိုက်ခိုက်ခြင်းခံရမည်ကို မျှော်လင့်ထားရုံသာရှိလေသည် ။ ဒီလောက်နည်းပညာခေတ်မီတိုးတက်နေသော မြို့တော်ကြီးတွင်နေထိုင်နေလို့များဖြင့် သင့်အတွက် ဒီလိုသတ္တဝါဆန်းတွေကို တုံ့ပြန်တိုက်ခိုက်နိုင်သော လက်နက်ဆန်းများ တီထွင်ပေါ်ပေါက်လာလိမ့်မည်လို့ တွေးဆလို့ပင်မကြည့်သင့်ပေ ။


၂။ လော့စ်အိန်ဂျယ်လိစ် 
ဘေးအန္တရာယ်များ ။      ။မြေ၊ ရေ ၊လေ ၊မီး ။
ရိုက်ကူးခဲ့သောရုပ်ရှင်များ။      ။  Volcano, Dragon Wars, The Day After Tomorrow, Independence Day, Earthquake (1974), The Omega Man, Terminator 2: Judgment Day, Miracle Mile, Escape from L.A., War of the Worlds (1953), Attack of the Killer Tomatoes!


 လေထုညစ်ညမ်းမှု ၊ လူနေထူထပ်မှုနှင့် အထူးတလည် ကြီးမြင့်လှသော မြေဈေးများကိုထည့်မစဉ်းစားလျှင်တောင်မှ လော့စ်အိန်ဂျယ်လိစ်သည် ဟောလိဝုဒ်ရုပ်ရှင်လောကသားများအရူးထသလောက် ဘေးအန္တရာယ်များ၏ မူလဇစ်မြစ်ဖြစ်နေတတ်သေးသည် ။ မြေငလျင်ဘေး ၊ လေဆင်နှာမောင်းဒဏ် ၊ မီးတောင်ပေါက်ကွဲမလား ...လော့စ်အိန်ဂျယ်လိစ်ကတော့ပါပြီးသားပင် ။ ယုတ်စွအဆုံး ဂြိဟ်သားတွေ ၊ သွေးစုတ်ဖုတ်ကောင်တွေ ၊ ကြောက်စရာ့လူသတ်ကောင်တွေဆိုရင်ကော....လောင်းကြေးထပ် နေစရာပင်မလို လော့စ်အိန်ဂျယ်လိစ်ကတော့ဒိုင်ခံလက်ခံနေပါလိမ့်မည်။တစ်ဖက်ကကြည့်ပြန်တော့လဲ ဖေဖော်ဝါရီလိုလမျိုးမှာပင် အင်္ကျီလက်တိုနှင့်နေနိုင်လောက်အောင် ရာသီဥတုက ကောင်းနေပြန်သေးသည်လေ ။


၃။နယူးယောက်စီတီ 
ဘေးအန္တရယ်များ။        ။ရာသီဥတုဘေးများ ၊ ဂြိဟ်သားများ ၊ သတ္တဝါဆန်းများ ၊ သြဇာကြီးမားသည့် အဖွဲ့အစည်းများ ။
ရိက်ကူးခဲ့သောရုပ်ရှင်များ။       ။Independence Day, I Am Legend, The Day After Tomorrow, Deep Impact, Ghostbusters, Cloverfield


နယူးယောက်မှာ ဒီလိုပဲ အဖြစ်အပျက်တွေ နေရာအနှံ့ဖြစ်ပျက်နေပါလျှက် ရုပ်ရှင်တွေထဲမှာ အမြဲ ပျက်စီးတိုက်ခိုက်ခံရသည်က မန်ဟတ်တန်သာဖြစ်နေလေ့ရှိသည် ။ အန္တရာယ်လှိုင်းလုံးတွေသည် ကွင်းပြည်နယ်ကိုတော့ဘယ်တော့မှထိခိုက်စေမည်မဟုတ် ။နှစ်ငါးဆယ်လောက်ရုပ်ရှင်တွေထဲထည့်ရိုက်လာခဲ့သော ဂြိဟ်သားများသည်လည်း စတာတန်အိုင်လန်နှင့် ဘရွန့်စ်တို့ကိုဘယ်တော့မှ မတိုက်ခိုက်ပါလေ ။ ဒါကြောင့်မို့ နယူးယောက်မှာလည်းနေသည် ၊ကပ်ဘေးသင့်သည့်ရုပ်ရှင်တစ်ခုခုထဲမှာလည်းပါဝင်နေမိပြီဆိုလျှင်တော့ မြို့ပြင်သို့သာမြန်မြန်ရွှေ့ပါလေဟု အကြံပေးချင်ပါသည် ။


၎။ဝါရှင်တန် ဒီစီ 
ဘေးအန္တရာယ်များ။ ။ရေဘေးနှင့် ဂြိဟ်သားများ( ယခုအခါဂြိဟ်သားများကလည်းပို၍သာများလာနေပါသည် ။)
ရိုက်ကူးခဲ့သောရုပ်ရှင်များ။        ။Independence Day, The Day After Tomorrow, Deep Impact, Mars Attacks!, The Day The Earth Stood Still, Earth vs. The Flying Saucers


ကိုလံဘီယာဒိစတြိတ်သည်ဖြင့် ကမ္ဘာကိုကျူးကျော်လာသူဂြိဟ်သားများ အဓိကဦးတည်ရာ ဒေသဖြစ်လေသည် ။ ဝါရှင်တန်မောလ်ကတော့ အံမခန်းနည်းပညာများဖြင့် အဆောက်အအုံတွေ ပြိုလဲပျက်စီးကျလေ့ရှိရာဒေသကြီးဖြစ်နေတော့သည်လေ ။




၅။ပါရီ 
 ဘေးအန္တရာယ်။       ။အာကာသမှကျလာသော အရာဝတ္ထုများ ။
 ရိုက်ကူးခဲ့သောရုပ်ရှင်များ။        ။
Armageddon, Transformers: Revenge of the Fallen, GI Joe;the rise of the cobra


၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များအတွင်း     Baron Georges-Eugene Hausmann      တစ်ယောက်ပြောင်းလည်းပေးခဲ့သော အထိမ်းအမှတ်ရုပ်တုများ၊ လှပသောလမ်းများနှင့်ယဉ်ကျေးမှုမြို့တော် ပါရီမြို့သည် ၁၉၀၀ နှင့် ၂၀၀၀ ပြည့်နှစ်လွန်ကာလများတွင်တော့ Michael Bay ၏ ထပ်လောင်းကောင်းမှုဖြင့် စက်ရုပ်လူသတ်ကောင်များ၊ ဥက္ကာခဲများ၏ပေါက်ကွဲအလင်းများဖြင့် ပိုမိုဆန်းပြားသော မြို့ပြပုံစံသစ်တစ်ခုဖြစ်လာလေသည် ။


၆။ ဆန်ဖရန်စစ်စကို
ဘေးအန္တရာယ်များ။       ။ရေအောက်သတ္တဝါဆန်းများ ၊ မျိုးဗီဇချို့ယွင်းနေသောသတ္တဝါများ၊ ပေါက်ကွဲမှုများ ။
ရိုက်ကူးခဲ့သောရုပ်ရှင်များ။       ။It Came From Beneath the Sea, The Core, X-Men: The Last Stand, Monsters vs. Aliens


 Goldern Gate တံတားကြီးသည်ဖြင့် ကမ္ဘာ့အံချီးဖွယ် ဗိသုကာလက်ရာတစ်ခုဖြစ်သည်နှင့်အညီ ပေါက်ကွဲပျက်စီးမှုများ ၊ ရေအောက်မှလက်တံရှည်သတ္တဝါကြီးများဖျက်ဆီးရာ ဘူမိနက်သန် နေရာတစ်ခုဖြစ်နေသည်မှာသိပ်အံ့သြစရာတော့မဟုတ်ပါပေ ။


၇။ လန်ဒန် 
ဘေးအန္တရာယ်များ။      ။နဂါးများ၊ သွေးစုတ်ဖုတ်ကောင်များ ၊ နျူကလီးယားဘေး။
ရိုက်ကူးခဲ့သောရုပ်ရှင်များ။       ။Reign of Fire, 28 Days Later, The Day the Earth Caught Fire


လန်ဒန်တွင်တော့  ကြီးမားလှပသောသမိုင်းဝင်ပန်းခြံကြီးများ၊ စားသောက်ဆိုင်ကြီးများ ၊ အဆောက်အအုံကြီးများ  အများအပြားကျန်နေသေးသည် ။ မကောင်းတာတစ်ချက်သာရှိသည် ။ St George တစ်ယောက် သူ၏လက်စမသတ်ခဲ့သော နဂါးသုတ်သင်ရေးအားတစ်ချိန်တွင်ပြန်လုပ်လာနိုင်တာဖြစ်လေသည် ။ဒီတော့ အကြံကောင်းပေးရလျှင် အဆောက်အအုံများကို မီးဘေးဒဏ်ခံနိုင်အောင်ဆောက်လုပ်ထားရန်နှင့် သံချပ်ကာဝတ်စုံများအသင့်ပြင်ဆင်ထားရန်ဖြစ်လေသည်။


၈။ လာ့စ်ဗီးဂပ်စ်
ဘေးအန္တရာယ်။       ။ သွေးစုတ်ဖုတ်ကောင်များ ။
ရိုက်ကူးခဲ့သောရုပ်ရှင်။       ။Resident Evil: Extinction


၁၉၅၀ ခုနှစ်များတွင် လူဆိုးဂိုဏ်းခေါင်းဆောင် Bugsy Siegel သည် သဲကန္တာရအတွင်းတွင် မြို့တစ်ခုတည်ထောင်ခဲ့သည်မှစ၍ လာ့စ်ဗီးဂပ်စ်ဟုခေါ်သော နီယွန်မီးရောင်စုံတို့ အမြဲထွန်းလင်းနေသည့် မြို့တော်ကြီးပေါ်ပေါက်လာခဲ့လေသည် ။ အလုပ်အကိုင်များ ၊ ရေ မီးအစုံအလင် စည်းစိမ်များ ၊ အံ့မခန်းဆန်းကျယ်မှုများအတိပြီးသောမြို့ကြီးသည် တကယ်တော့သွေးဆာနေသည့် ဖုတ်ကောင်များ ဝင်ရောက်ရန် အမြဲချောင်းမြောင်းခံနေရသည့် ဖုန်တသောသော သဲတရှပ်ရှပ် နှင့် မြို့တော်တစ်ခုသာဖြစ်လေသည်။


၉။ရိုးမ် 
ဘေးအန္တရာယ်များ။       ။ကြောက်မက်ဖွယ်လျှပ်စစ်မုန်တိုင်းများ ၊ အေဒီသုံးရာစုနှင့် ငါးရာစုအတွင်းက ကျူးကျော်လာသူ visigoth များ ။
ရိုက်ကူးခဲ့သောရုပ်ရှင်။      ။The Core။


တစ်ကယ်တော့ လှပသောရိုးမ်သည် ဘာဘေရီယန်များ၏ကျူးကျော်မှု၊ ပလိတ်ရောဂါ နှင့် ကမ္ဘာ့စစ်ဒဏ်တွေကို အလူးအလဲခံခဲ့ရပြီးဖြစ်ပါသည် ။ သို့သော်လည်း ရုပ်ရှင်ကားမှ လျှပ်စစ်မုန်တိုင်းသည် ခန်းနားလှသော ထာဝရမြို့တော်ကြီးအား အုတ်ပုံဘဝရောက်အောင် ထပ်မံနှိပ်စက်လိုက်ပြန်လေပြီ ။


၁၀။ ဘာတီလ်မိုး 
ဘေးအန္တရာယ်များ။      ။ နျူကလီးယားဘေး၊ စက်ရုပ် လူသတ်ကားများ။
ရိုက်ကူးခဲ့သောရုပ်ရှင်။     ။The Sum Of All Fears ။


ပေါက်ကွဲပျက်စီးနေသောအဆောက်အအုံများ ၊ မီးလောင်နေသောကားများ၊ ဦးတည်ရာမဲ့ ကြောက်ရွံ့တုန်လှုပ်စွာ လမ်းမများပေါ်တွင်ပြေးလွှားနေသော မြို့သားများ .....နောက်.......နျူကလီးယားပေါက်ကွဲမှုများ..............။


နောက်ထပ် ရုပ်ရှင်ကားများတွင် ရိုက်ကူးလေ့မရှိသော သင့် စိတ်ကြိုက်နေရာများရှိသေးက အကြံဥာဏ်များပေးနိုင်ပါသည်။ 


( ဝန်ခံချက် ။      ။ Yahoo ဝက်ဘ်ဆိုဒ်မှ The Worst Places To Live  အားဘာသာပြန်ဆိုပါသည်   မူရင်းဆောင်းပါးအားဒီမှာ ဖတ်ရှုနိုင်ပါသည် ။)  ။

Happy Birthday ပါ အစ်မဝါ

ခင်မင်ရတဲ့ Blogger အစ်မဝါက သူ့မွေးနေ့မတိုင်ခင် တစ်ပတ်လောက်အလိုကတည်းက မွေးနေ့လက်ဆောင်တောင်းတဲ့ အနေနဲ့ ပို့စ်တစ်ပုဒ် တက်ဂ်ခဲ့ပေမယ့် ဘယ်နေ့က အစ်မမွေးနေ့မှန်းသေချာမသိခဲ့ပါဘူး ။ မွေးနေ့နားနီးရင်တော့ အစ်မတစ်ယောက် လှုပ်ရှားလာမှာပဲလို့ တွေးရင်း စောင့်နေခဲ့မိပါတယ် ။ ဒီနေ့ကျောင်းက ပြန်ရောက်တော့မှ အစ်မဝါဘလော့ဂ်မှာ မွေးနေ့ပို့စ်လေးတင်ထားတာ တွေ့ပြီး မွေးနေ့လက်ဆောင်တဂ်ပို့စ်ရေးဖို့နောက်ကျနေပြီးမှန်း အားနာစွာသိလိုက်ရပါတယ် ။


အစ်မဝါ တက်ဂ်ထားခဲ့တာက ဆိုညည်းမိသော သီချင်းများပါတဲ့ ။ တစ်ကယ်တော့ ကိုယ့်မောင်အကြောင်းကိုယ်သိတဲ့ အစ်မတစ်ယောက် ဒီက ဆိုချင်ရက်လက်တို့ကို လက်နဲ့တင်မက အချွန်နဲ့ပါမလိုက်တာလေ :P  ။


ဘာပဲဖြစ်ဖြစ် ဒီတစ်လောအတွင်း ဆိုမိတဲ့သီချင်းလေးတွေထဲက နားထောင်ရအဆင်ပြေမယ်ထင်တဲ့ သီချင်လေး တွေကို အစ်မဝါအတွက် မွေးနေ့လက်ဆောင်တင်ပေးလိုက်ပါတယ် ။ အစ်မဝါရဲ့မွေးနေ့ပွဲလာတဲ့ ဧည့်သည်တွေကို ဧည့်ခံတဲ့ သီချင်းလေးများလို့ပဲ သတ်မှတ်ပေးပါ ။ သီချင်းလေးတွေက singforyou.net မှာကျွန်တော်ဆိုထားခဲ့တဲ့ သီချင်းလေးတွေပါ ။


တစ်ပုဒ်က ဂရေဟမ်ရဲ့အချစ်စွမ်းအားသီချင်းလေးပါ ။ ဆရာဥာဏ်နဲ့ အစ်မဝါတို့မိသားစု အချစ်စွမ်းအားများအပြည့်ဖြင့် ဘဝခရီးကို လျှောက်လှမ်းရင်း မွေးနေ့ပေါင်းများစွာကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။





နောက်တစ်ပုဒ်ကတော့ Classic သ်ီချင်းလေးတွေကြိုက်တတ်တဲ့ အစ်မဝါအတွက် ကျွန်တော်မဆိုတတ်ဆိုတတ်နဲ့ ဆိုထားတဲ့ ပန်းပုသူဇာဆိုတဲ့  သီချင်းလေး ဖြစ်ပါတယ် ။





ဒီသီချင်းလေးတွေကို နားထောင်ရင်း အစ်မဝါရဲ့မွေးနေ့ကိုလာသူ မိတ်ဆွေသူငယ်ချင်း ဘလော့ဂ်ဂါညီအစ်ကိုမောင်နှမများအားလုံး မွေးနေ့ရှင်အစ်မဝါတိုမိသားစုနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ နိုင်ကြပါစေ ။


၃၈ နှစ်မြောက်မွေးနေ့မှသည်  ၃၈ ဖြာမင်္ဂလာအဖြာဖြာပြည့်စုံသော ဘဝခရီးအား လျှောက်လှမ်းနိုင်ပါစေ ။




အချစ်သက်သက် (Tag post)


ကျွန်တော် သည် မမအား အမှန်တကယ် ချစ်မြတ်နိုးခဲ့ပါ၏ ။ ယုံကြည်ခဲ့ပါ၏ ။ ဤမှန်သော သစ္စာစကားကြောင့် ကျွန်တော်သည် မမ အား ဘယ်သောအခါမျှ မပိုင်ဆိုင်ရပါစေသတည်း.......။


အချစ်ဆိုသော အရာသည် လောကကြီး၏ အထူးဆန်းဆုံးအရာတွေထဲမှာ ပါဝင်လေသည် ။အဲဒီအထဲကမှ ယောင်္ကျားတစ်ယောက် ( အနည်းဆုံး သူလို အတ္တကြီးသော ယောင်္ကျားတစ်ယောက် ) ၏ အချစ်က ပိုလို့ အတ္တများနှင့်ကာဆီးလျို့ဝှက်နေခဲ့မည်ထင်သည် ။ ဒါပေမယ့် သူအတ္တကြီးစွာဖုံးကွယ်ခဲ့မိသည်က ဂုဏ်သိက္ခာအတွက် အချစ်တစ်ခုဖြစ်ခဲ့ပြီး ၊ မမ သူ့အပေါ်ဖုံးကွယ်ခဲ့သည်က အမှန်တရားဆိုသော သစ္စာဖြစ်ခဲ့လျှင် သူ့အတ္တအတွက် သူလိပ်ပြာသန့်နိုင်ခဲ့ပါသည် ။
သူ မမ ကို ပထမဆုံးစတွေ့ခဲ့တာက ဂျာနယ်တစ်ခုထဲမှာ ဖြစ်လေသည် ။ စာသင်ခန်းထဲမှာ သူငယ်ချင်းတစ်ယောက်ယူလာပြသော သူ့အလှပုံကိုကြည့်ရင်း တစ်ခါမှမခံစားဖူးခဲ့သော ခံစားချက်တစ်ခု စခံစားခဲ့ရသည် ။


"ဖြိုး ဟေ့ရောင် ဒီမှာ ကြည့်စမ်း ။ မော်ဒယ်လ် အသစ်လေးကွ မိုက်တယ်နော် မျက်နှာက အနောက်တိုင်းဆန်တယ်"


ဆိတ်ဆိတ်နေခြင်းဖြင့် သူ့ကိုထောက်ခံလိုက်ပါသည် ။စိတ်ထဲမှာတော့ လှိုင်းထန်လှုပ်ရှားနေကာ" သူက တို့ထက်အသက်ကြီးတယ်ကွ မော်ဒယ်လ်လေးလို့မပြောနဲ့ အဲဒါ မမ... ဟုတ်တယ် မမ.."။ အဲဒီကတည်းက သူ့ကို မမ လို့စိတ်ထဲမှာ တိတ်တိတ်လေးစခေါ်ဖြစ်ခဲ့လေသည် ။ သူနှင့် မမ သိနေကြောင်းကိုတော့ သူမပြောပြပဲ မြုံထားလိုက်သည် ။ သူတို့မိသားစုများ ဆွေမျိုးရင်းချာလို ရင်းနှီးနေကြသည်ကို သူငယ်ချင်းများ သိလျှင် သူ့ကို မစနောက်ကြဟု သူအာမ မခံနိုင်ပါ ။ ဒါမဲ့ မမ နဲ့သူနဲ့က မိုင်ပေါင်း ခြောက်ရာကျော်ဝေးသော မြို့နှစ်မြို့မှာ ရှိနေကြလျှက် တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှ မမြင်ဖူးခဲ့တာ သူ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး မမ တို့မြို့ကို ကျောင်းတက်ဖို့ရောက်မသွားမီထိဖြစ်လေသည် ။


မမ နဲ့သူ ပထမဆုံး တွေ့ဖူးကြတော့ မမ က အပြင်မှာ ပိုမို ချောမောလှပနေခဲ့သည်လေ ။ မှုန်နုညက်နေသော မမ မျက်နှာလေးကို ကြည့်မဝနိုင်အောင်ရှိလျှက်က မမ ကို သာမန်မိန်းမတစ်ယောက်ထက်မပိုသောအကြည့်မျိုး ၊ ဘာခံစားမှုမှမပါသောအကြည့်မျိုး ဖြင့်ကြည့်ရင်း သူ့ခံစားချက်ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့သည် ။ တစ်ဦးတည်းသောသမီး မမ၏ တို့မောင်နှမနှစ်ယောက်ဆိုသော စကားချိုချိုအောက်မှာ သူ့မရိုးသားမှုတွေကို အပြီးတိုင်မြူတ်နှံလိုက်ဖို့ သူဆုံးဖြတ်ခဲ့မိပါသည် ။


ဒါပေမယ့် နှလုံးသားဆိုတာ ဦးနှောက်က အသိစိတ်နဲ့စေခိုင်းတိုင်း လိုက်နာနိုင်တဲ့ ဝါယာကြိုးများ ဆားကစ်များဖြင့် ဖန်တီးထားသောအရာတစ်ခုမဟုတ်ခဲ့တာ သူတစ်ဖြည်းဖြည်း လက်ခံလာခဲ့ရသည် ။ မောင်နှမလိုပဲ ဖြူဖြူစင်စင် ချစ်ကြမယ်လို့ စိတ်တွေကိုဆုံးမထားသည့်တိုင် မမ ကိုပဲ သူသတိရနေခဲ့သည် ။ သူ့စာကျက်ချိန်များကိုအထိ မမ က လွှမ်းမိုးလာသောအခါသူ သတိလက်လွတ်ကျရှုံးသွားပြီိလို့ ဝန်မခံချင်ပဲဝန်ခံခဲ့ရလေသည် ။ မမ ကိုကျွန်တော်ချစ်တယ် ..........။


မြို့ကြီးတစ်မြို့၏အမိုးအကာအောက်မှာ မမနဲ့သူ အပြန်အလှန်စာတွေရေးဖြစ်ခဲ့သည် ။ဝါယာကြိုးမှတဆင့် စကားတွေ ပြောဖြစ်ခဲ့သည် ။ဘာမရိုးသားမှုမှမပါသော ဖြူစင်သော သံယောဇဉ်စကားများသာ လွှမ်းမိုးနေလျှက် သူ ကြည်နူးသာယာမိခဲ့သည် ။ ဒီမှာ သူ့ကိုယ်သူ သေချာသွားခဲ့သည်က မမ ကိုသူ ချစ်နေရရုံလေးနဲ့ ကျေနပ်နိုင်ခဲ့သည်ဆိုတာ ဖြစ်လေသည် ။ တစ်ခါတစ်ရံ ယောင်္ကျားတစ်ယောက်ရဲ့ အချစ်ဟာ ချစ်နေရရုံဆိုတာလေးထက် မပိုပဲ ကျေနပ်ပြည့်စုံနေနိုင်တယ်ဆိုတာ သူယုံကြည်သွားခဲ့ရသည်လေ ။ လိမ်ညာမှုတွေဆိုတာ အချစ်ကြားမှာ ရောက်မလာခင်အချိန်ထိပေါ့လေ ။


မမ ရဲ့သတင်းများကို စတင်သယ်ဆောင်လာသူမှာ ရင်းနှီးသောကျွန်တော့်သူငယ်ချင်းများဖြစ်လေသည် ။ သာမန်မိန်းမတစ်ယောက်မဟုတ်ပဲ ထင်ရှားသူအနုပညာရှင်တစ်ယောက်မို့ မမ သတင်းများက ပိုလို့ စုံစမ်းလွယ်ကူစေခဲ့သည်လေ ။


"ဖြိုး ...မင်း မမ လူတစ်ယောက်နဲ့တွဲနေတယ် .."


"ရုပ်ရှင်ရိုက်တာ ဖြစ်မှာပေါ့ ....."


ကျွန်တော်က ရင်ထဲမှာပူလောင်နေလျှက် ပြောင်ချော်ချော်ပြောမိတော့ သူငယ်ချင်းက ဂရုဏာဒေါသောစိတ်တိုလေသည် ။


"မင်းမသိတာလဲမဟုတ်ဘူးဖြိုးရာ ..။ မင်း မမ ခြေလှမ်းတွေပျက်နေတယ် ။ မင်းတို့က မောင်နှမ မဟုတ်လား ။ မင်းသိသင့်တယ်ထင်လို့ ငါပြောတာ ။ တွဲနေတဲ့ကောင်ကလဲတစ်ခြားကမဟုတ်ဘူး ။ ငါတို့ ကျောင်းကပဲ ...ဘာပဲပြောပြောကွာ မင်းမျက်နှာပူစရာကြီးဖြစ်နေမှာစိုးလို့ပြောတာ .."


မျက်နှာတွင်မက ရင်ထဲမှာပါ လောက်မြိုက်လျှက် သူမမ ဆီအပြေးအလွှား မေးမိသည်။


"မမ ...နင် လူတစ်ယောက်နဲ့တွဲနေတယ်ဆို...."


"မဟုတ်ပါဘူး မောင်လေးရ ...တွဲသွားတွဲလာတယ်ဆိုတာတော့မှန်တယ် ။ မမတို့က ရိုးရိုးသားသားပါ ။ သူ့ဘက်ကတော့မရိုးသားဘူးဟုတ်တယ် သူမမကို propose လုပ်ထားတယ်.."


မမ ၏ ဖြေရှင်းစကားကို သူမျက်စိမှိတ်ယုံလိုက်ခဲ့သည် ။ မမကို သူယုံသည် ။နားမဆံ့အောင်ကြားနေရသော သတင်းစကားများကို မမ၏ မဟုတ်ပါဘူးဆိုသော စကားတစ်ခွန်းနှင့် သူရင်ဆိုင်နိုင်ခဲ့သည်လေ ။ သာမန်မိန်းမတစ်ယောက် ရည်းစားများခြင်းကို ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ပေမယ့် မမအကြောင်းများကတော့ လူအများအကြား မြိန်ရည်ရှက်ရည်ပြောစရာ သတင်းတစ်ပုဒ်ဖြစ်နေခဲ့သည်လေ ။


ဒါပေမယ့် အရင်က မမနဲ့ အတူအပြင်သွားလျှင် ဟယ် ဘယ်သူမဟုတ်လား အပြင်မှာပိုချောတယ်နော် ဟုဆိုကာ တရင်းတနှီးလာနှုတ်ဆက်သူများအတွက် မမနှင့်ထပ်တူ ဂုဏ်ယူတတ်ခဲ့သော သူတစ်ယောက် နောက်ပိုင်းမှာ မမနှင့်သူရဲ့ရင်းနှီးမှုတွေကို လူတွေမသိအောင်ဖုံးကွယ်တတ်လာတာတော့ ဘာမှမတတ်နိုင်ပေ ။ ကျောင်းထဲမှာ သူ့ကိုမြင်လျှင် သနားသလို၊ဂရုဏာ သက်သလို ၊ လှောင်ပြောင် ချင်သလို မျက်နှာပေးတွေနဲ့လူတွေကို သူ မသိယောင်ဆောင်ကာ နေနိုင်ခဲ့သည်မှာ မမ ဖုံးကွယ်ထားသောအမှန်တရားတွေကို သူကိုယ်တိုင် မရှာတွေ့နိုင်ခင်အထိဖြစ်လေသည် ။


နောက်ဆုံးတော့ အားလုံးစကားတွေကို သူမျက်စိမှိတ်ငြင်းရလောက်အောင် မမ အပေါ်ယုံကြည်ခဲ့လျှက် ပတ်ဝန်းကျင်၏စကားများမှာ အမှန်တရားတွေ ပါသင့်သလောက်ပါနေခဲ့တာ သူသိခဲ့ရတော့သည် ။ အမှန်ကတော့ သူက မသိခဲ့တာမဟုတ်ဘူးလေ ။ မဟုတ်ပါဘူးဆိုသောစကားတစ်ခွန်းနဲ့ ကိုယ့်ကိုကိုယ် လိမ်ညာထားခဲ့တာမဟုတ်လား ။နောက်ဆုံးတော့ မမရဲ့ နောက်ဆုံးရိုက်ချက်နဲ့အတူ သူအလဲအကွဲကျရှုံးသွားခဲ့လေသည် ။


မမနဲ့တွဲနေသူရဲ့ နောက်ဆုံးမော်ဒယ်လ် မက့်ခ်တူး ကားနောက်ခန်းမှာသူ့ကိုထိုင်စေလျှက် သူလိုရာခရီးတစ်ခုကိုလိုက်ပို့ပေးခဲ့တာဖြစ်လေသည် ။ ဒီလိုမြို့ကြီးမှာ သွားလာရေးအတွက် ဘက်စ် များကိုသာ အားကိုးနေရသူသူ့အဖို့ မမချစ်သူရဲ့(နာကျင်စွာဖြင့် ဒီလိုပဲ သုံးနှုံးချင်ပါသည်) ခမ်းနားသော ကားကြီးရဲ့နောက်ခန်းမှာထိုင်ရင်း ထိခိုက်ငြိမ်သက်စွာ ဘဝဦးတည်ချက်မတူသော လူသုံးယောက် တစ်ခရီးတည်း သွားဖြစ်ခဲ့ကြသည်လေ..။


နောက်ဆုံးတစ်ခေါက်တွေ့ခဲ့သောအခါ သူ့ရဲ့တစ်စိမ်းပြင်ပြင်ပြောင်းလဲမှုကို မမ တစ်ယောက် အံ့သြစွာ မေးခဲ့ရသည် ။ သူ့မှအဖြေမရှိတော့ပါ ။ သူယုံကြည်ခဲ့သမျှသည် မုသားဖြစ်သွားသောအခါ နောက်ထပ်ဘာမှနာကျင်စရာမကျန်တော့ပါ ။ ငြိမ်သက်အေးမြနေခဲ့သော သူ့ဘဝကို လှုပ်ခတ်အောင်လုပ်ခဲ့ပြီးမှ ၊ ဘယ်တုန်းကမှမရှိခဲ့သလိုဖုံးကွယ်ထားသော အချစ်တွေကို မြင်သာအောင်ကြည့်ခဲ့ပြီးမှ....မမ လုပ်ရက်ခဲ့လေသည် ။ ချစ်နေရရုံလေးနဲ့ကျေနပ်နေခဲ့သူတစ်ဦးကို ဖွင့်ပြောမိမတတ်ဖြစ်လာအောင် လုပ်ခဲ့ပြီးလေမှ.............။


သူ့ရဲ့အပေါ်ယံပြောင်းလဲမှုကိုသာမြင်ခဲ့သောမမတစ်ယောက် ရင်ထဲက မပြောင်းလဲသော နှလုံးသားကိုတော့ ဘယ်တော့မှမြင်နိုင်တော့မည်မဟုတ် ။ ယောကျာင်္းတစ်ယောက်ရဲ့အချစ်ဟာ တစ်ခါတစ်ရံမှာ ချစ်နေရရုံလေးနဲ့ ကျေနပ်ပြည့်စုံနေနိုင်တယ်ဆိုတာ မမဆီက ယူဖို့ပဲကြိုးစားနေတဲ့ ယောင်္ကျားတွေကြားမှာ ဘယ်တော့မှ မမတစ်ယောက်နားလည်နိုင်မယ် မဟုတ်ပါဘူးလေ ။


ရင်ထဲက တီးတိုးဆိုမိရင်း သူဆုတောင်းတစ်ခုကို နင့်နင့်သီးသီးပြုမိလေသည် ။


ကျွန်တော် သည် မမအား အမှန်တကယ် ချစ်မြတ်နိုးခဲ့ပါ၏ ။ ယုံကြည်ခဲ့ပါ၏ ။ ဤမှန်သော သစ္စာစကားကြောင့် ကျွန်တော်သည် မမ အား ဘယ်သောအခါမျှ မပိုင်ဆိုင်ရပါစေသတည်း.......။




(ဒီပို့စ်လေးကိုရေးဖို့ အစ်မဝါရဲ့စည်းကမ်းလေးခုကိုသေချာပြန်ဖတ်ခဲ့ပါတယ် ။ ဘယ်အချက်နဲ့မှငြိမယ်လို့မထင်ပါ ။ ရေးဖို့လဲတော်တော်လေးကို အားမွေးခဲ့ရပါတယ် ။ အားလုံး စစ်မှန်သောအချစ်နဲ့ ဆုံတွေ့နိုင်ကြပါစေဗျာ ။)

မြေပြင်ပေါ်မှ ကြယ်ပွင့်လေးများ


ကလေးသူငယ်လေးတွေဟာ အင်မတန်မှကိုနူးညံ့တဲ့ပန်းပွင့်လေးတွေနဲ့တူပါတယ် ။ နေရောင်ခြည် ၊ မိုးရေ နဲ့ မြေကြီးတို့ဟာ သူတို့ရဲ့ အထောက်အပံ့အားအင်တွေဖြစ်ပေမယ့် မှန်ကန်စွာ ဖေးကူမှုမပြုနိုင်ခဲ့ဘူးဆိုရင်တော့ အပူရှိန် ၊ မိုးသရမ်းနဲ့ မြေကြမ်းတို့ဟာ ပန်းပွင့်လေးတွေရဲ့ ပျက်စီးရာတောင်မှဖြစ်နိုင်ပါသေးတယ် ။


ကလေးတွေရဲ့ပထမဆုံး ဘဝလမ်းညွှန်သူတွေဟာ မိဘ နဲ့ ညီအစ်ကိုမောင်နှမတွေပါ ။ ဒီနောက်ပိုင်း ခေတ်မှာ မိဘတွေဟာ ကလေးငယ်တွေရဲ့ပညာရေးကိုအလွန်အလေးထားလာကြပါတယ် ။ ကိုယ့်ကလေး ပညာရေးမှာထူးချွန်ဖို့၊ အတော်ဆုံး အတတ်ဆုံးဖြစ်နေဖို့ နည်းမျိုးစုံနဲ့ တွန်းအားပေးလာကြပါတယ် ။ ဒီတော့ တစ်ချို့ငယ်ရွယ်လွန်းတဲ့ ကလေးတွေမှာ အသက်ရွယ်နဲ့မမျှအောင် လေးလံတဲ့ ဝန်ထုတ်တွေကိုထမ်းနေကြရတာကိုတွေ့လာရပါတယ် ။ ကျောင်းပြီးကျူရှင် ၊ ကျူရှင်ပြီးဂိုက် ဆိုသလို ဆော့ကစားချိန်မရှိလောက်အောင် စာအုပ်ပုံထဲမှာ နစ်မြုပ်လာကြပါတယ် ။


အဲလိုပဲ တစ်ဖက်ကလည်း ကလေးငယ်တွေရဲ့ စိတ်ခံစားမှုကိုလစ်လျူရှု၊ကလေးကို နားလည်ပေးဖို့မကြိုးစားကြပဲ ကိုယ်ဖြစ်ချင်တာ ကိုယ်ဖြစ်စေချင်တာကိုပဲ အာရုံစိုက်နေမိရာက ကိုယ့်ရဲ့ရင်သွေးနဲ့တစ်ဖြည်းဖြည်းပိုလို့ဝေးသွားရတဲ့ အဖြစ်တွေကို တွေ့မြင်နေရပါတယ်။


အဲဒီ Theme လေးကိုခုတစ်ပါတ်အတွင်းကြည့်မိတဲ့ရုပ်ရှင်လေးတစ်ခုမှာသွားတွေ့ခဲ့ရပါတယ် ။ အဲဒီရုပ်ရှင်လေးက Bollywood လို့ခေါ်တဲ့ အိန္ဒိယက ၂၀၀၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ LIKE STARS ON EARTH ဆိုတဲ့ ကားလေးပါ ။ပုံမှန်အားဖြင့် အိန္ဒိယရုပ်ရှင်ကားတွေကို ကြည့်လေ့မရှိတဲ့ကျွန်တော်ဟာ ဒီကားလေးကိုကြည့်ပြီးမှာတော့ ရင်ထဲမှာအတွေးများစွာနဲ့ နင့်သည်းကျန်နေခဲ့အောင် ဇတ်ကားလေးက ရသအပြည့်ပေးသွားခဲ့ပါတယ် ။ သာမန်ချစ်ကြိုက်ကွဲငြားဇတ်လမ်းတွေက ကွဲထွက်ကာ ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ ကျောင်းဆရာတစ်ဦးတို့ရဲ့အဖြစ်အပျက်များနဲ့ရက်ယှယ်ကာ နှစ်နာရီနဲ့လေးဆယ်မိနစ်ကျော် ရုပ်ရှင်ပြချိန်ကို ခံစားချက်များနဲ့လှိုက်မောနေအောင် ဆွဲဆောင်သွားခဲ့တာပါ ။


ဒီဇတ်လမ်းမှာ သရုပ်ဆောင် Aamir Khan ကိုယ်တိုင် ဒါရိုက်တာအဖြစ်ညွှန်ကြားခဲ့ပြီး အဓိကဇတ်ကောင် အိုက်ရှန်အဖြစ် ရှစ်နှစ်အရွယ်Darsheel Safary ကသရုပ်ဆောင်ထားပါတယ် ။ ဇတ်လမ်းအကျဉ်းလေးကဒီလိုပါ ။ အိုက်ရှန်ဟာ သုံးတန်းကိုတစ်နှစ်ကျထားတဲ့ ရှစ်နှစ်အရွယ်ကလေးတစ်ဦးပါ ။ ဘာသာရပ်တိုင်းမှာ ကျရှုံးပြီးစာတောင်ကောင်းကောင်းမရေးနိုင်တဲ့ အိုက်ရှန်ဟာ ဆရာတွေရဲ့ဂရုဏာဒေါသောကြိမ်းမောင်းမှုတွေ၊ မိဘတွေရဲ့တွန်းအားပေးဆူပူမှုတွေကြောင့် ကျောင်းကိုကြောက်နေတဲ့အပြင် စာသင်ရတာဟာ ပြစ်ဒဏ်တစ်ခုလို့ထင်နေရှာပါတယ်။အိုက်ရှန်ဟာ သူ့စိတ်ကူးကမ္ဘာထဲမှာသာပျော်နေတတ်သူပါ ။ အိုက်ရှန်ရဲ့ ရှုံးနိမ့်မှုတွေကို ဘယ်လိုမှပြုပြင်လို့မရတဲ့အဆုံးမှာ စီးပွားရေးအလုပ်များနဲ့မအားလပ်လှသူ အိုက်ရှန်ရဲ့အဖေဟာ အိုက်ရှန်ကိုကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင်ကိုပို့ဖို့စီစဉ်ပါတော့တယ် ။


ဘော်ဒါကိုရောက်သွားတဲ့အိုက်ရှန်တစ်ယောက်မှာတော့ သင်ခန်းစာတွေကိုကြောက်ရွံ့တဲ့ စိတ်အပြင် မိဘသားချင်းများနဲ့ခွဲခွာရတာကြောင့် နာကျင်ရစိတ်တွေသာပိုလာခဲ့ပြီး သင်ခန်းစာတွေမှာပိုမိုအခြေအနေဆိုးလာခဲ့ပါတယ် ။ ခြေတစ်ဖက်မသန်သူ အတန်းထဲက အတော်ဆုံးကျောင်းသား လေးက သူငယ်ချင်းအဖြစ်ဖေးမခဲ့ပေမယ့် အိုက်ရှန်တစ်ယောက်တော့ တိုးတက်မလာခဲ့ပါဘူး ။ဒီအချိန်မှာပဲ ကျောင်းကိုအနုပညာဘာသာသင်ဖို့ခေတ္တရောက်လာတဲ့ ဆရာနီကူး ဟာသင်ခန်းစာတွေမှာ ပျော်ရွှင်မှုမရှိပဲ အမြဲအပြစ်ပေးသာခံနေရတဲ့ အိုက်ရှန်ကိုသတိပြုမိပြီး စတင်စုံစမ်းပါတော့တယ် ။


ဒီမှာပဲ အိုက်ရှန်ရဲ့ဗြောင်းတိဗြောင်းပြန်လက်ရေးနဲ့ စာလုံးပေါင်းတွေမှားယွင်းမှု၊ စာဖတ်ဖို့ခဲယဉ်းနေတာတွေဟာ ပျင်းလို့၊ မကြိုးစားချင်လို့မဟုတ်ပဲ dyslexia လို့ခေါ်တဲ့ စာလုံးပေါင်းဖို့၊စာဖတ်ဖို့ခဲယဉ်းနေတဲ့ သင်ကြားမှုဆိုင်ရာရောဂါတစ်မျိုးဖြစ်နေတာကို သိလိုက်ရပါတယ် ။ဘာကြောင့်လဲဆိုတော့ ဆရာနီကူးကိုယ်တိုင်ဟာငယ်စဉ်က ဒီလိုဖြစ်ခဲ့ဖူးတဲ့အတွက် မိဘများရဲ့ပညာရေးမှာမအောင်မြင်မှုအတွက်ဆူပူကြိမ်းမောင်းမှုတွေကိုခံခဲ့ရဖူးလို့ပါပဲ ။ အဖြေကိုသိသွားတဲ့ဆရာနီကူးတစ်ယောက် အိုက်ရှန်မိဘများနဲ့ကျောင်းက ဆရာများရဲ့အကူအညီကိုယူပြီးအိုက်ရှန်ကို စာလုံးတွေ၊ ဂဏန်းတွေနဲ့ရင်းနှီးလာအောင်ကူညီနိုင်ခဲ့ပါတော့တယ် ။ အိုက်ရှန်တစ်ယောက်လဲ သင်ခန်းစာများမှာတိုးတက်မှုတွေရလာခဲ့ပါတယ်။


တစ်ရက် အတန်းရဲ့အနုပညာချိန်မှာ ဆရာနီကူးတစ်ယောက် အိုက်ရှန်ရဲ့တီထွင်ဥာဏ်ကိုသတိပြုမိကာ အိုက်ရှန်ဟာသာမန်အထက်ဥာဏ်ရည်ရှိသူ ၊စိတ်ကူးဥာဏ်ကောင်းလှသူတစ်ဦးဆိုတာ အသိအပြုလိုက်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီကျောင်းပိတ်ရက်မတိုင်မီမှာ တစ်ကျောင်းလုံးမှာရှိတဲ့ ဆရာ၊ကျောင်းသား ၊ မိဘမည်သူမဆို ပါဝင်နိုင်တဲ့ ပန်းချီပြိုင်ပွဲတစ်ခုလုပ်ဖို့အကြံရသွားပါတယ် ။ ဒီပွဲမှာ ဆရာနီကူးရဲ့ဆရာဖြစ်သူ ပန်းချီပညာရှင်ဆရာမကြီးက ဆုရွေးချယ်ပေးခဲ့ရာမှာ ဆုံးဖြတ်ရခက်အောင် ကောင်းလွန်းတဲ့ ပန်းချီကားနှစ်ချပ်ကိုတွေ့ခဲ့ကြောင်း ၊ဒါပေမယ့် ပထမရတဲ့ကားကို ကျောင်းရဲ့စာသင်နှစ်စာအုပ်မျက်နှာဖုံးအဖြစ်သုံးမှာဖြစ်လို့တစ်ခုကိုသာရွေးရမှာဖြစ်ကြောင်း ၊ဒါကြောင့် ဆရာနီကူးရဲ့ပန်းချီကားထက်သာလွန်တဲ့ အိုက်ရှန်ရဲ့ ပန်းချီကားကိုရွေးချယ်လိုက်ကြောင်းကြေငြာပေးလိုက်ပါတယ် ။အိုက်ရှန်ရဲ့ စိတ်ကူးကောင်းလွန်းလှတဲ့ ပန်းချီကားဟာ ပထမရသွားခဲ့ပါတယ်။ တပည့်အတွက် အရမ်းဝမ်းသာနေတဲ့ဆရာနီကူးရေးဆွဲခဲ့တဲ့ကားကတော့ အိုက်ရှန်ရဲ့ပုံတူပန်းချီကားလေးပါပဲ ။အိုက်ရှန်တစ်ယောက် learning disorder ကနေရုန်းထွက်နိုင်ခဲ့ပြီးမိဘတွေဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်လာပုံနဲ့ဇတ်လမ်းကိုအဆုံးသတ်ထားပါတယ် ။


ဒီဇတ်လမ်းကို ၂၀၀၉ ခုနှစ်အော်စကာဆုပေးပွဲမှာအကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆုအတွက် အိန္ဒိယက တင်သွင်းခဲ့ပေမယ့် ဇတ်လမ်းရဲ့ကြာမြင့်ချိန်နဲ့ တေးဂီတများကြောင့် ရွေးချယ်မခံခဲ့ရပါဘူး ။ ဒါပေမယ့် ဒီဇတ်လမ်းဟာဆုများစွာချီးမြှင့်ခံခဲ့ရပြီး နိုင်ငံတစ်ကာပရိသတ်ရဲ့တစ်ခဲနက်အားပေးခြင်းကိုခံခဲ့ရပါတယ် ။ သရုပ်ဆောင်အာမန်ခမ်းရဲ့ ပထမဆုံးဒါရိုက်တာလက်ရာ ဒီဇတ်ကားဟာနိုင်ငံတစ်ကာရုပ်ရှင်ဝေဖန်သူများ အထူးချီးကျူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ် ။


ဒီဇတ်လမ်းလေးဟာ ယနေ့ခေတ်ရဲ့ မိဘနဲ့သားသမီးများကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို အနုပညာမြောက်အောင်လှပစွာတင်ပြသွားခဲ့တာပါ ။ သားသမီးရှိသူမိဘများသာမက အားလုံးကြည့်သင့်တဲ့ဇတ်ကားလေးတစ်ခုအဖြစ်ညွှန်းလိုပါတယ် ။


မိဘများအားလုံးသားသမီးများကိုမှန်ကန်စွာလမ်းညွှန်နိုင်တဲ့ဥယာဉ်မှုးတွေဖြစ်လာနိုင်ကြပါစေလို့ဆုတောင်းလျှက်........။
( ဒီပို့စ်လေးကို ၂၀၀၈ တုန်းကကျွန်တော်ရေးခဲ့တဲ့ ပန်းကလေးများပွင့်တော့မည် ပို့စ်လေးကိုပြန်ခံစားကာရေးခဲ့ပြီး ၊ပို့စ်အတွက်လိုအပ်သောအချက်အလက်များနှင့်ဓါတ်ပုံအားအင်တာနက်မှရယူခဲ့ကြောင်းဝန်ခံပါသည် ။)

ဆု ဆူ ဆူး




အောင်မြင်မှုဆိုတာကို ဆုလို့သတ်မှတ်မယ်ဆိုရင် အောင်မြင်မှုဆီတွန်းပို့ခဲ့တဲ့တွန်းအားကိုတော့ ဆူးတစ်ချောင်းဖြစ်တယ်လို့ကျွန်တော်ကတော့ဆိုချင်ပါတယ် ။ လူတိုင်းဟာ အောင်မြင်မှုတစ်ခုကိုရဖို့ဆိုရင် သူနဲ့ထိုက်တန်တဲ့ ဆူးတစ်ချောင်းတော့ အစိုက်ခံခဲ့ရမှာသေချာပါတယ် ။


လူတိုင်းရဲ့အောင်မြင်မှုကိုတိုင်းတာတဲ့ပေတံတွေဟာ မတူညီနိုင်ပါဘူး ။တစ်ချို့က ငွေကြေးချမ်းသာမှုနဲ့ ၊ တစ်ချို့က ကိုယ့်အိမ်မက်တွေအကောင်အထည်ပေါ်လာမှုနဲ့ ၊ တစ်ချို့က ပညာရေးမှာအောင်မြင်မှုနဲ့ ။ ကျွန်တော်လိုချင်တဲ့ အရာတွေကိုရနေပြီလို့မဆိုလိုနိုင်ပေမယ့် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရဖို့သွားနေတဲ့လမ်းကြောင်းမှာ ဆူးလေးတွေကို တွန်းအားအဖြစ် ကိုယ့်ကိုကိုယ်နာကျင်စေပြီး ခရီးဆက်ခဲ့ရတယ်လို့တော့ဆိုချင်ပါတယ်။


ကျွန်တော်ပထမဆုံးအစိုက်ခံခဲ့ရတဲ့ဆူးလေးကိုတော့ ခုချိန်ထိမှတ်မိနေတုန်းပါပဲ ။ ကျွန်တော့် မူလတန်းကျောင်းသားဘဝမှာ ပညာရေးဆိုတာ စာမေးပွဲအောင်ရင်ပြီးပြီဆိုတာထက် ဘယ်တုန်းကမှပိုမယူဆခဲ့မိပါဘူး ။အတန်းထဲမှာလဲသာမန်အဆင့်ကျောင်းသားတစ်ယောက်ထက် မပိုခဲ့ပါဘူး။ စာကြိုးစားဖို့ ၊အတန်းထဲမှာထူးချွန်တဲ့ကျောင်းသားတစ်ယောက်အဖြစ်ထင်ပေါ်ဖို့ဆိုတာ ကျွန်တော်တစ်ခါမှမစဉ်းစားဖူးပါဘူး ။ဒါပေမယ့် ခြောက်တန်းနှစ်ရဲ့စာမေးပွဲတစ်ခုမှာ ကျွန်တော့်ထက်အဆင့်နိမ့်ကျသွားခဲ့တဲ့ စာတော်တဲ့မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို နင့်ထက်ငါနောက်စာမေးပွဲမှာ အဆင့်သာစေရမယ်လို့ (မဆီမဆိုင်) အပြောခံခဲ့ရတဲ့နောက်မှာ ဆူးလေးစဆူးခဲ့ပါတယ် ။ တစ်ကယ်လဲနောက်စာမေးပွဲမှာ ကျွန်တော့်ထက် အဆင့်သာသွားခဲ့တဲ့အခါ ရှက်စိတ်နဲ့ အဲဒီဆူးလေးဟာ ပိုနစ်ဝင်သွားခဲ့ပါတယ် ။ ဒီဆူးလေးဟာ ကျွန်တော်ခုနှစ်တန်းနှစ်မှာ တစ်ခါမှမစဉ်းစားဖူးတဲ့ ပထမဆိုတဲ့နေရာကိုရလာဖို့အတွက် တွန်းအားပေးနိုင်ခဲ့တဲ့အထိပေါ့လေ ။


အဲဒီနောက်မှာတော့ ကျွန်တော်ဟာ သူများကိုတမင်တကာယှဉ်ပြိုင်နေတာမဟုတ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲထိပ်ရောက်နေဖို့မသိမသာကြိုးစားလာမိပါတယ် ။ အခြေခံပညာ အထက်တန်းအောင်တဲ့အထိပဲဆိုပါတော့လေ ။ ဆယ်တန်းရောက်တဲ့အထိ ကျွန်တော်ဟာ သူတစ်ပါးက တော်တယ်လို့အပြောခံရဖို့အတွက် ကိုယ်လုပ်ချင်တာတွေကို စတေးပြီးဆူးလေးတွေအဆူးခံရင်းကြိုးစားခဲ့ပါရဲ့ ။ တစ်ခါတစ်လေတော့လဲ လိမ္မာတယ်လို့အပြောခံရဖို့ ကိုယ့်ဆန္ဒတွေကိုစတေးခဲ့ရတာကလဲ ရင်ထဲမှာခက်နက်နက်ဆူးစူးခံနေရသလိုပါပဲ ။ တကယ်တော့လဲ ဆူးကလေးတွေက ခက်နက်နက်စူးနေခဲ့ပြီဆိုတော့်အဲဒီဆူးလေးတွေနဲ့နေသားတစ်ကျရှိနေခဲ့ပြီလေ ။


ဆယ်တန်းအောင်ပြီးတဲ့နောက်မှာတော့ ဆူးတိုင်းဟာအင်အားမဖြစ်တာတွေ ၊ ဘယ်လောက်နာကျင်ခံတစ်ဘဝလုံးစာ ကြိုးစားပေမယ့်လဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုမရောက်ခဲ့နိုင်တာတွေ ၊ ကြိုးစားပေမယ့်လဲ လုံ့လဝိရိယတွန်းအား ၊ ဥာဏ်ဆိုတဲ့တွန်းအားတွေအပြင် ကံဆိုတဲ့ အလွန်အရေးကြီးတဲ့အရာတစ်ခုကလဲခွန်အားကြီးစွာပါဝင်နေသေးတယ်ဆိုတာ သိလာရပါတယ် ။ လောကမှာ ကိုယ်ဘယ်လိုပြိုင်ပြိုင်မနိုင်တဲ့ ပွဲတွေရှိပါသေးလားဆိုတာ လက်ခံလာနိုင်ခဲ့ပါတယ် ။ ဒီတော့မှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ အလို ဆူးလေးတွေတော်တော်ဆူးနေပါရောလား ။ အတ္တဆူး ၊ မောဟဆူး ၊ ဒေါသဆူး ၊ လောဘဆူး လေးတွေလေ...........။


ငါလိုချင်တာတွေရဖို့ စိုက်ခံခဲ့ရတဲ့ဆူးလေးတွေကလဲ တော်တော်များပါလားလို့ (တရားရမိသလိုလို :p ) တွေးမိပါရဲ့ ။ ဒါကြောင့် ခင်မင်ရတဲ့အစ်မဝါက ဆုနဲ့ဆူး ဆိုတဲ့ တက်ဂ်ပို့စ် လေးရေးခိုင်းတဲ့အခါ ( ကျွန်တော်လုံးဝစာမရေးဖြစ်လို့ မရေးရေးအောင် စေတနာနဲ့တက်ဂ်တယ်ဆိုတာလဲသိနေလို့ အစ်မကိုလဲအရမ်းအားနာမိပါတယ် )ကိုယ့်ကိုကိုယ်လဲ ဆင်ခြင်မိသလိုဖြစ်သွားပါတယ် ။ ဘာလို့လဲဆိုတော့ ဆူးလေးတွေက ခုထိစူးနေတုန်းပဲလေ ။ ဒီဆူးလေးတွေကို တစ်ဖြည်းဖြည်းချင်း နှုတ်ယူဖို့ကတော့ ကိုယ်ကြိုးစားရမယ့်အလုပ်ပေါ့လေ ။


ဘာလို့လဲဆိုတော့ လောကကြီးမှာ ကိုယ်လုပ်တိုင်းလဲမဖြစ် နိုင်တာမျိုးတွေရှိနေတာမို့ ကိုယ်တတ်နိုင်သလောက်အကောင်းဆုံးကြိုးစား ၊ ရလာဒ်က တော့ ကံတရားရဲ့ စီမံမှုကလဲပါနေသေးတာလေ ။ အကောင်းဆုံးမျှော်လင့်ထားဖို့ကကိုယ့်အလုပ်ဆိုတော့ ဖြစ်မလာရင် ခံစားရမယ့် လောဘ ၊ဒေါသ ဆူးလေးတွေ ပိုနက်မဝင်သွားဖို့ကတော့ ဒီဆူးလေးတွေကိုတစ်ဖြည်းဖြည်းချင်းထွင်ယူသွားမှပဲဖြစ်မှာပါ ။


ဒါပေမယ့် ခုချိန်ထိတော့ ဆု တွေကိုလိုချင်တဲ့ လောဘစိတ် ဆူဆူလေးကြောင့် ဆူးတွေကစူးဆဲ.........တစ်ဖြည်းဖြည်းထွင်ယူနိုင်ဖို့ကလဲ ကြိုးစားဆဲ............ဆူးလေးတွေကလဲ မသိလိုက်မသိဘာသာ နက်နက်ဝင် နေဆဲ.........။


(ပို့စ်အတွက်လိုအပ်သော ဓါတ်ပုံအား အင်တာနက်မှရယူခဲ့ကြောင်းဝန်ခံပါသည် ။)